Thursday, May 18, 2017

Intestinal Tuberculosis အူ (တီဘီ)


အူ (တီဘီ) ကိုလည်း အဆုပ်မှာဖြစ်စေတဲ့ Mycobacterium tuberculosis ဗက်တီးရီယားကနေဖြစ်စေတယ်။ အဆုပ်နဲ့မတူတာက ဒီမှာဖြစ်ရင် မသိမသာလေးပဲဖြစ်လာတယ်။ (တီဘီ) ဟာဦးနှောက်၊ နှလုံး၊ ကျောက်ကပ် နဲ့ အရိုးတွေမှာလဲ (တီဘီ) ဖြစ်နိုင်တယ်။

အူသိမ်၊ အစာအိမ်၊ ဘေလုံး၊ ဝမ်းတွင်းဖုံးအလွှာ၊ ဝမ်းတွင်းတက်စေ့၊ သရက်ရွက်တွေမှာလည်း ဖြစ်နိုင်တယ်။ HIV အဖြစ်များရာကတေ တီဘီရောဂါလည်း ခေါင်းထောင်လာတယ်။

တခြားအစာလမ်းရောဂါတွေနဲ့ မှားတတ်တယ်။ ရောဂါဟုတ်-မဟုတ် လုပ်ရတာ ပိုခက်တယ်။ အများအားဖြင့် အာဖရိကနဲ့ အာရှမှာ ဖြစ်တယ်။ ခုနောက်ပိုင်းမှာ HIV/AIDS တွေကြောင့် ချမ်းသာတိုးတက်တဲ့ နိုင်ငံတွေမှာလဲ ပိုတိုးလာနေတယ်။ အဆုပ်မှာ ဖြစ်နေရာကနေ သွေးနဲ့ (လင့်ဖ်) ကတဆင့် အူကိုရောက်လာတာလည်းရှိတယ်။ အူမှာတိုက်ရိုက်လာဖြစ်တာက Bovine strain of mycobacterium tuberculosis ခေါ်တဲ့ပိုးကြောင့်ဖြစ်လာတယ်။ တီဘီပိုးပါနေတာကို စားမိရာကနေလည်း ကူးစက်လာနိုင်တယ်။ နွားနို့ကို မကျိုချက်ဘဲ သောက်ရာကနေ ဖြစ်တာအများဆုံးဘဲ။ သွေးကလည်း ကူးလာနိုင်တယ်။

အူတီဘီ ရောဂါလက္ခဏာတွေကို တချို့ ဘာမှမခံစားရဘူး၊ တချို့က ကိုယ်ပူ၊ ဝမ်းမမှန်၊ ဗိုက်အောင့်၊ ညချွေးထွက်၊ အစားအသောက်ပျက်၊ အားယုတ်၊ ပျို့ချင်၊ လေထ-လေတက်၊ အစာတချို့ကို လက်သင့်မခံနိုင်၊ စားပြီးရင် ဗိုက်တင်း၊ ကိုယ်အလေးချိန်ကျဆင်း။ ဒီရောဂါလက္ခဏာမျိုးတွေက အူကင်ဆာနဲ့ Malabsorption syndromes အစာကို မစုပ်ယူနိုင်တဲ့ ရောဂါတွေမှာလည်းရှိတယ်။

ဝမ်းသွားတာ အရင်လိုမဟုတ်တာကနေ စသိနိုင်တယ်။ ဝမ်းပျက်တာ။ ဝမ်းချုပ်တာဖြစ်လို့ပေးရမဲ့ ရိုးရိုးဆေးတွေနဲ့ မသက်သာရင် ဒါကိုသံသယရှိရတယ်။ နာတာရှည်ဖြစ်တယ်။ ပြန်ဖြစ်တာလဲရှိနိုင်တယ်။ ဗိုက်အောင့်သလို နာနေမယ်။ ဖြစ်တဲ့နေရာအပေါ်မူတည်ပြီး ဗိုက်နေရာအမျိုးမျိုးမှာနာမယ်။ စားပြီးရင် အစာမကျေသလိုနေမယ်။ စားရက်နဲ့ ဝမလာဘူး။
ညချွေးထွက်တာ၊ ညနေခင်း ကိုယ်နဲနဲပူတာတွေ အူ (တီဘီ) မှာမတွေ့ရတတ်ဘူး။ အားယုတ်ပြီး အာဟာရချို့တဲ့လို့ ဆေးလာကုမှ သိရတာလဲရှိတယ်။

Biopsy အသားစဖြတ်ယူစစ်ဆေးတာလုပ်မှသာရောဂါမှန်းသိတယ်။ အနုကြည့်မှန်ဘီလူးနဲ့ ကြည့်တာသာမက ပိုးမွေးမြူနည်းနဲ့လဲ စမ်းနိုင်တယ်။ အဆုပ် (တီဘီ) လိုမျိုး ပိုးကို တိုက်ရိုက်ကြည့်တာနဲ့ မတွ့တတ်လို့ လုပ်ရတာ ဖြစ်တယ်။ Complete blood count, ESR, X-ray, Tuberculosis antibody, Sputum for AFB, Ultrasound, Barium meal, MRI စစ်ဆေးနည်းတွေလဲ လုပ်နိုင်တယ်။

ရောဂါဗေဒအရ (၃) စားခွဲထားတယ်။
၁။ Ulcerative form အူမှာအနာဖြစ်နေသူ ၆ဝ% ရှိတယ်။ အနာအလျားကအူရဲ့ အလျားကိုဒေါင့်မှန်ကျနေတဲ့ အနာဟာ Epithelial surface မှာဖြစ်နေတယ်။
၂။ Hypertrophic form ထူထဲနေတဲ့အနာမျိုးကို ၁ဝ% မှာတွေ့ရတယ်။ အူနံရံထူနေမယ်။ အမာရွတ်လိုဖြစ်နေမယ်။ မာနေမယ်။ ကင်ဆာနဲ့ မှားတတ်တယ်။
၃။ Ulcerohypertrophic form အမျိုးအစား (၁) နဲ့ (၂) တွဲဖြစ်နေတာမျိုးကို ၃ဝ% မှာတွေ့ရတယ်။

အများဆုံးသုံးတဲ့ဆေးတွေကတော့ Isoniazid, Rifampin, Ethambutol နဲ့ Pyrazinamide တွေဖြစ်တယ်။ ဆေးပေးတာကို ၆ လအထိပေးတတ်တယ်။ ပျောက်တယ်။ တချို့ကိုတော့ ၁၂-၁၈ လအထိပေးရတယ်။

ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေလဲ ခံစားလာရနိုင်တယ်။ ဥပမာခြေထောက်တွေ ပူလောင်သလိုခံစားရရင် Isoniazid ကြောင့်ဖြစ်လာတာမို့ ဗီတာမင် ဘီ-၆ လိုနေပြီ။ မစားချင်မသောက်ချင်ဖြစ်တာ၊ အသားဝါတာ၊ မျက်စိကြည့်မကောင်းတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဆေးကို မဖြတ်လိုက်ပါနဲ့။ ဆေးဝါးတွေကိုသာမက အစာအာဟာရ မျှတလုံလောက်အောင် စားဘို့လဲ လိုတယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးပါ။ ဆေးလိပ်ဖြတ်ပါ။ သူများကို လွယ်လွယ်နဲ့မကူးစက်ပါ။ တကိုယ်ရေ သန့်ရှင်းရေးလုပ်ရင် မိသားစုအတွင်း မကူးစက်နိုင်ပါ။ ချောင်းဆိုးလို့လည်း သူများကိုမကူးစက်ပါ။

နောက်ဆက်တွဲဖြစ်နိုင်တာတွေက သွေးယိုမယ်။ အူပေါက်သွားမယ်။ ရေဖျင်းစွဲလာနိုင်တယ်။ အစာလမ်းပိတ်တာ ဖြစ်လာနိုင်တယ်။ အန်တာများရင် ဓါတ်ဆားအချိုးအဆ မမျှတာဖြစ်လာမယ်။ အူပေါက်တာ၊ အစာလမ်းပိတ်တာ ဖြစ်ရင်တော့ ခွဲစိတ်ပေးရတယ်။

ဒေါက်တာတင့်ဆွေ



Posted via Blogaway


No comments:

Post a Comment