Wednesday, May 17, 2017

ကလေးတီဘီ အကြောင်း သိကောင်းစရာ

"ကလေးတီဘီအကြောင်း သိကောင်းစရာ"

ဘဝက ပြဇာတ်တစ်ပုဒ်တဲ့။ကျနော်က ဘယ်နေရာက ကပြနေသလဲ။ကံကောင်းစွာ ဆရာဝန်တစ်ယောက်အဖြစ် ကပြခွင့်ရတယ်။ပိုပြီးထူးကဲစွာ ကလေးအထူးကုဆရာဝန်တစ်ယောက် အဖြစ် ဖြတ်သန်းခွင့်ရခဲ့တယ်။ရနေဆဲ။ပြဇာတ်တစ်ပုဒ်ကို အလှပဆုံး ကပြခွင့်ရချင်တယ်။ဘဝကို တာဝန်ကျေကျေ၊နောက်ကျောလုံလုံ ဆက်လက်ဖြတ်သန်းချင်တယ်။ဆေးကုသခြင်းအပြင် ပြည်သူလူထုကို အခုထက်ကျန်းမာရေးရေချိန်မြင့်စေချင်တယ်။ဆိုတော့ကား ကျနော်သိထားတာတွေထဲက အသိပညာတစ်ချို့ကို ဝေမျှပါရစေ။ဘဝရဲ့ အတွေ့အကြုံတွေ၊ဆေးပညာအသိတွေပေါ့။တစ်နည်းအားဖြင့်တော့ ကျနော့ဘဝရဲ့ ဗြုတ်စဗျင်းတောင်းလေးတွေပေါ့ဗျာ။
ဒီတစ်ခါ ပြောပြချင်တဲ့ ဗြုတ်စဗျင်းတောင်းတွေထဲက တစ်ခုကတော့ ကလေး တီဘီရောဂါအကြောင်းပါ။ဒီရောဂါက ကြောက်ဖို့ကောင်းသလို သိသင့်သိထိုက်တာတွေက များမှများ။ကလေးတစ်ယောက်တီဘီရောဂါရှိလို့ တီဘီဆေးသောက်ခိုင်းပြီဆို တစ်ချို့သောကလေးမိဘတွေ တီကောင်ဆားပက်လိုက်သလို တွန့်တွန့်လူးသွားတတ်။တစ်ချို့ မိဘများ အကြောက်အကန်ငြင်းတတ်။ကျနော့်ကိုလည်း တီဘီနှင့်ပတ်သက်ပြီး မေးခွန်းတွေ တရစပ်မေးမြန်တတ်ကြတယ်။ဆရာဝန်ညွန်ကြားချက်ကို တသဝေမတိန်း လိုက်နာတဲ့ ကလေးမိဘတွေလည်း ဒု နှင့်ဒေး။တီဘီနှင့်ပတ်သက်ပြီး ကလေးမိဘတွေ ခဏခဏမေးမြန်းတတ်တဲ့ မေးခွန်းအချို့နှင့် လူတိုင်းသိသင့်သိထိုက်တဲ့ အချက်အချို့ကို မျှဝေပါရစေ။

တီဘီရောဂါဆိုတာ ဘာလဲ

တီဘီရောဂါဆိုတာ ဘက်တီးရီးယားတစ်မျိုး(Mycobacterium Tuberculosis) ကြောင့်ဖြစ်တဲ့ ရောဂါ တစ်မျိုးပါ။အဆုပ်မှာ အဖြစ်များ။ဒါပေမယ့် အူတီဘီ၊တီဘီ ဦးနှောက်ရောင်၊ကျောက်ကပ်တီဘီ၊အရိုးတီဘီ စသဖြင့် ကိုယ်ခန္ဓာ အနှံ့ အပြားမှာလည်း ဖြစ်ပွားတတ်။

အဖြစ်များသလား၊ကြောက်စရာကောင်းလား

အဖြစ်များသလားဆိုတော့ ဖြစ်မှဖြစ်၊ပေါမှပေါလို့ ဆိုရမယ်။ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးရဲ့ ခန့်မှန်းချက်အရ ၂၀၁၅ တစ်နှစ်ထဲမှာကိုပဲ ကမ္ဘာပေါ်မှာ တီဘီရောဂါသည်အသစ်လူနာပေါင်း(အဟောင်းမပါဘူးနော်) ဆယ်သန်းခွဲ ရှိသတဲ့။အဲဒီလူနာတွေထဲက တစ်ဆယ်ရာခိုင်နှုန်းဖြစ်တဲ့ လူနာသစ်တစ်သန်းလောက်က ကလေးတီဘီတွေဖြစ်နေတာ တွေ့ရ။မြန်မာပြည်မှာရော တီဘီရောဂါ အဖြစ်များလား။ဟုတ်ကဲ့ များမှများ။အာဆီယံမှာ တီဘီရောဂါ ဖြစ်ပွားမှု ဒုတိယအမြင့်ဆုံး နိုင်ငံက ကျနော်တို့နိုင်ငံပါ။ဖြစ်ပွားမှု များသလို ကြောက်စရာလည်း ကောင်းလှတယ်။ဘာကြောင့်လဲ။တိုတိုနှင့်လိုရင်းဖြေရရင် သေတတ်လို့ပါ။၂၀၁၅ တစ်နှစ်တည်းမှာကိုပဲ တစ်ကမ္ဘာလုံးမှာ တီဘီနှင့်ဆက်နွယ်သေဆုံးသူပေါင်း နှစ်သန်း ရှိတာတွေ့ရ။ဘယ်လောက်တောင်ကြောက်စရာကောင်းလဲ ဆိုရင် တီဘီရောဂါရှိတာသေချာပြီး ကုသမှုမခံယူရင် လူဆယ်ယောက်မှာ ခုနှစ်ယောက်က ဆယ်နှစ်အတွင်း တီဘီရောဂါနှင့်ပဲ အသက်ဆုံးရှုံးနိုင်တာ တွေ့ရှိရကြောင်း ၂၀၁၆ ကမ္ဘာလုံးဆိုင်ရာ တီဘီ အစီရင်ခံစာမှာ ရေးသားထားတယ်။ဆိုတော့ သေသေချာချာကုသမှု ခံယူသင့်တဲ့ ရောဂါဆိုတာ အသေအချာပါ။

တီဘီကာကွယ်ဆေး မရှိဘူးလား

ရှိတယ်။နိုင်ငံတော်က အခမဲ့ ထိုးပေးတယ်။ဘီစီဂျီ(BCG)လို့ ခေါ်တယ်။မွေးကင်းစ မှာထိုးနိုင်ရင် အကောင်းဆုံး။မွေးကင်းစမှာ မထိုးဖြစ်ခဲ့ရင်တော့ နှစ်လအရွယ်မှာ ထိုးပေးလေ့ရှိတယ်။တစ်ကြိမ်ထိုးရင် လုံလောက်တယ်။နောက်တစ်ကြိမ်ထပ်ထိုးဖို့ မလိုဘူး။ထိုးပြီးရင် ထိုးတဲ့နေရာမှာ အနာသေးသေးလေး ဖြစ်တတ်တယ်။တစ်သက်လုံး အမာရွတ်သေးသေးကျန်မယ်။အချို့ကလေးတွေမှာ ဆေးထိုးပေမယ့် အမာရွတ် မကျန်ခဲ့တာလည်း ရှိနိုင်တယ်။အမာရွတ်ကျန်ခြင်း မကျန်ခြင်းက ကာကွယ်ဆေး အောင်ခြင်း မအောင်ခြင်းနှင့် မသက်ဆိုင်ဘူး။ဒါပေမယ့် အမာရွတ်ရှိနေရင်တော့ တီဘီကာကွယ်ဆေးထိုးပြီးကြောင်း သေချာစေတာပေါ့။ဆေးထိုးပြီရင် သုံးလကနေ ခြောက်လလောက်အတွင်း အမာရွတ်ဖြစ်လာစေတယ်။တစ်ချို့သော မိဘတွေက အမာရွတ်မပေါ်ရင် ဆေးအောင်မအောင် စိတ်ပူပြီး ကာကွယ်ဆေးပြန်ထိုးဖို့ လိုအပ်သလားလို့ မေးတတ်တယ်။ဒါနှင့်ပတ်သက်ပြီး ကျနော်တို့နိုင်ငံမှာတော့ ဆေးပြန်ထိုးမထိုး ပြတ်ပြတ်သားသား ရေးသားညွှန်ကြားထားတာ မရှိဘူး(ကျနော်မသိတာလည်း ဖြစ်နိုင်ပါတယ်)။အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာတော့ တီဘီကာကွယ်ဆေးထိုးပြီး
ခြောက်လကြာတဲ့ထိ အမာရွတ်မပေါ်ခဲ့ရင် (Tuberculin skin test)ဆိုတဲ့ စမ်းသပ်စစ်ဆေးမှုတစ်ခုလုပ်ကြည့်တယ်။အဲဒီစစ်ဆေးမှုမှာ (negative) အဖြေထွက်ရင်တော့ တီဘီကာကွယ်ဆေး နောက်တစ်ကြိမ်ထပ်ထိုးစေတယ်။

ကာကွယ်ဆေးထိုးထားပေမယ့် ရောဂါကဖြစ်တာပဲ၊ ဘာကြောင့်လဲ

ကလေးဆေးခန်းမှာပဲဖြစ်ဖြစ်၊ကလေးဆေးရုံမှာပဲဖြစ်ဖြစ် မကြာမကြာ အမေးခံရတဲ့ မေးခွန်းလေးပါ။ကလေးတစ်ယောက်ကို စမ်းသပ်စစ်ဆေးတာတွေ အားလုံးပြီးလို့ တီဘီဆေးခြောက်လသောက်ရမယ်လို့ ရှင်းပြချိန်တွေမှာ ကလေးမိဘတွေက မေးလာတတ်တယ်၊"ဆရာ ကျနော့်သားက မွေးကင်းစကတည်းက တီဘီကာကွယ်ဆေး ထိုးထားတယ်၊သူ့ဘယ်ဖက်လက်မောင်းမှာလည်း ဆေးအောင်တဲ့ အမှတ်အသား အမာရွတ်လည်းရှိရက်သားနဲ့ အခုကျနော့်ကလေးက ဘာလို့တီဘီဖြစ်ရတာလဲ"။
ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် အခု တစ်ကမ္ဘာလုံးအသုံးပြုနေတဲ့ ဘီစီဂျီလို့ခေါ်တဲ့ တီဘီကာကွယ်ဆေးဟာ တစ်ခြားရောဂါတွေမှာ အသုံးပြုနေတဲ့ကာကွယ်ဆေးတွေထက် စွမ်းဆောင်ရည် နိမ့်လွန်းပါတယ်။ကာကွယ်ဆေးထိုးထားပေမယ့် ရောဂါဖြစ်နိုင်ပါတယ်။ဘီစီဂျီကာကွယ်ဆေးရဲ့ တီဘီရောဂါကာကွယ်နိုင်စွမ်းက ငါးဆယ်ရာခိုင်နှုန်း(၅၀%)ပဲ ကာကွယ်နိုင်ပါတယ်။သူရဲ့ အဓိကအားသာချက်က အသက်ဆုံးရှုံးနိုင်တဲ့ ပြင်းထန်တီဘီရောဂါနှစ်မျိုးဖြစ်တဲ့ တီဘီဦးနှောက်ရောင်ရောဂါ(TB meningitis)နှင့် ကိုယ်အဂါင်္ပေါင်းစုံ တီဘီရောဂါ(Disseminated TB) တွေကို အဓိက ကာကွယ်နိုင်တာကိုတွေ့ရ။အဲဒီရောဂါနှစ်မျိုးကို ကာကွယ်နိုင်စွမ်းကတော့ ၇၅% ရှိတာကို လေ့လာတွေ့ရှိရတယ်။ဒါ့ကြောင့် တီဘီရောဂါကို ကမ္ဘာပေါ်ကပျောက်ကွယ်သွားဖို့ဆိုရင် ဒီထက်ကောင်းတဲ့ ကာကွယ်ဆေးတွေပေါ်ပေါက်လာဖို့လိုပါတယ်။အခုလက်ရှိအချိန်မှာတော့ စမ်းသပ်ဆဲ တီဘီကာကွယ်ဆေး (၁၃)မျိုးရှိပါတယ်။ဈေးကွက်ထဲရောက်လာဖို့ကတော့ ဆယ်စုနှစ် တစ်ခု နှစ်ခုတော့ ထပ်မံစောင့်ရဖို့ ရှိနေပါတယ်။

တီဘီရောဂါက အရှင်းပျောက်ကင်းရဲ့လား

ဒါလည်း ခဏခဏအမေးခံရတဲ့ မေးခွန်းပါ။ရှင်းရှင်းလင်းလင်းဖြေရရင် ညွှန်ကြားတဲ့ အတိုင်း တိတိကျကျ သောက်ရင် ရာနှုန်းပြည့်နီးပါး(nearly 100%)ပျောက်ကင်းနိုင်ပါတယ်။အမှန်တကယ်ရောဂါရှိရက်နဲ့ ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း တိတိကျကျဆေးမသောက်ရင်လည်း အသက်ဆုံးရှုံးတဲ့အထိ ကလေးတွေထိခိုက်နိုင်ပါတယ်။

တီဘီဆေးသောက်ရင် ဦးနှောက်ထိခိုက်နိုင်သလား

"ဆရာရေ အဲဒီဆေးတွေခြောက်လလောက်သောက်ပြီးရင် ကျမကလေး ဦးနှောက်ထိခိုက်တာ၊ဉာဏ်ထိုင်းတာတို့များ ဖြစ်သွားမလား"
ကျနော်အမြဲတမ်းပြန်ပြောမိတာကတော့
"အင်း..တီဘီဆေးသောက်လို့ ဦးနှောက်ထိခိုက်တဲ့ ကလေး၊ဉာဏ်ထိုင်းသွားတဲ့ကလေးတော့ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မတွေ့ဖူးဘူးဗျ။ဒါပေမယ့် တကယ်ရောဂါဖြစ်ပြီး မိဘတွေကဆေးမတိုက်လို့ တီဘီဦးနှောက်ရောင်နှင့် တစ်သက်လုံး ဒုက္ခိတဖြစ်၊စာသင်လို့တောင်မရတော့တဲ့ ကလေးတွေတော့ မကြာမကြာတွေ့ဖူးတယ်ဗျ"

တီဘီဆေးက အရမ်းပြင်းသလား၊ဆိုးကျိုးများသလား၊ကလေးကို အများကြီးထိခိုက်နိုင်သလား

"ဆရာ တီဘီဆေးကအရမ်းပြင်းတယ်ဆို၊ဆိုးကျိုးတွေလည်း များတယ်ဆို၊ကျမကလေးကို ထိခိုက်မှာစိုးရိမ်တယ်၊ဖြစ်နိုင်ရင်မတိုက်ချင်ဘူး ဆရာ"
ကျနော်ပြန်ရှင်းပြလေ့ရှိတာက
"ဆေးတိုင်းဆေးတိုင်းမှာ ဆိုးကျိုးကတော့ ရှိနိုင်တာပဲ။ခင်ဗျားတို့ ပဲကြီးလှော်ဝါးသလို နေ့တိုင်းသောက်နေတဲ့ ပါရာစီတမောလိုဆေးတောင်မှ သောက်တာများရင် အစာအိမ်ရောင်တာ၊အသည်းထိခိုက်တာတွေ ဖြစ်နိုင်သေးတာပဲ။တီဘီဆေးမှာလည်း ဆိုးကျိုးလေးတွေတော့ရှိနိုင်တာပေါ့။ကောင်းကျိုးတွေနှင့်ယှဉ်ကြည့်ရင် တီဘီဆေးသောက်လို့ ဖြစ်တဲ့ဘေးထွက်ဆိုးကျိုးတွေက မပြောပလောက်ပါဘူး။ဘေးထွက်ဆိုးကျိုးတွေအတွက် ဘယ်လက္ခဏာတွေပေါ်လာရင် ဘယ်လိုကုဆိုတဲ့ တိကျတဲ့ကုထုံးတွေ ရှိတဲ့အတွက် အရမ်းစိုးရိမ်စရာတော့ မလိုပါဘူးဗျာ။ဆိုးကျိုးက တစ်ရာမှာတစ်ယောက် ပေါ်ခဲပါတယ်ဗျာ"။

ကလေးတီဘီက တစ်ယောက်ကနေ နောက်တစ်ယောက်ကို ကူးစက်နိုင်သလား

ဒါလည်း မိဘတိုင်းသိချင်တဲ့ မေးခွန်းပါ။လူကြီးတွေမှာ တီဘီဖြစ်ရင်တော့ တစ်ခြားသူတွေကို လွယ်လွယ်ကူကူနဲ့ ကူးစက်ပြန့်ပွားနိုင်တာ လူတိုင်းနီးပါး သိကြတယ်။ကလေးတီဘီကရော လူကြီးတီဘီလို ကူးစက်လွယ်သလား။တိတိကျကျဖြေရရင်
"ကူးနိုင်တယ် ဒါပေမယ့် ရှားရှားပါးပါးပဲ"။ကူးစက်ခဲတယ်။မကူးနိုင်ပါဘူးလို့ ယတိပြတ်ပြောမရဘူး။ကလေးတီဘီတွေက အခြားသူတွေဆီကို ကူးစက်ဖို့ ဘာ့ကြောင့်ခဲရင်းတုန်းဆိုတော့ ကလေးတွေမှာ တီဘီဖြစ်ရင် အသက်ရှူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ တီဘီပိုးအရေအတွက်က လူကြီးတွေမှာလောက်မများဘူး၊နောက်ပြီးသူတို့ရဲ့' ချောင်းဆိုးအား'က ပျော့တော့ အခြားသူကို ကူစက်ဖို့ ရာနှုန်းနည်းတယ်။ဒါပေမယ့် ကလေးကြီးတွေ(အသက် ဆယ်နှစ်၊ဆယ့်တစ်နှစ် အရွယ်)မှာ လူကြီးပုံစံတီဘီ(adult type TB)ဖြစ်ရင်တော့ အခြားသူတွေကို ကူးစက်နိုင်နှုန်းက လူကြီးတီဘီမှာလိုပဲ အရမ်းများတယ်။
         
                                                                                                  ဒေါက်တာကျော်စွာမြင့်
                                                                                       (ကလေးအထူးကု)


No comments:

Post a Comment