ဒီနေ့ (၆၊၆၊၂၀၁၇) ကြေးမုံသတင်းစာပါ ကျနော့်ဆောင်းပါးပါ။သားသားမီးမီးရှိတဲ့ မိဘ အားလုံးအတွက် တကယ်ဖြစ်ပြီဆိုရင် အသက်အန္တရာယ်အထိ ခြိမ်းခြောက်နိုင်တဲ့ သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်တဲ့ "သွေးလွန်တုပ်ကွေး ကာကွယ်ရေး" နှင့် "သွေးလွန်တုပ်ကွေး ကာကွယ်ဆေး" အကြောင်း သေချာရေးပြထားပါတယ်။
တားဆီးကာကွယ် အိမ်တွင်းရန်စွယ်
"ဆရာတို့ ကျနော့်သားလေးကို ကယ်ကြပါဦးဗျ"
မန္တလေးက ကျောက်သူဌေး လင်မယားနှစ်ယောက်။သူတို့ရဲ့ တစ်ဦးတည်းသောသားလေးက သွေးလွန်တုပ်ကွေးရောဂါနှင့် ကလေးဆေးရုံမှာ ကုသမှုခံယူနေ။ဖျား
ပြီးလေးရက်မြောက်မှာ နှာခေါင်းသွေးယိုပြီး မှိန်းလွန်းလို့ ဆေးရုံလာတက်တယ်။
ဆေးရုံရောက်ပြီး နောက်ရက်မှာ ကော်ဖီရောင်အရည်တွေ( သွေးတွေ)တပွက်ပွက်အန်၊ကတ္တရာဆီးရောင် ဝမ်းမည်းမည်းတွေသွားပြီး သွေးပေါင်ပြုတ်ကျ တိုင်းမရတော့။ဆေးရုံကလည်း သွေးသွင်း၊သွေးရည်ကြည်သွင်း၊ဆလိုင်းသွင်း လိုအပ်သလို အဆက်မပြတ် ကုသပေးနေ။ ဆေးရုံရောက်ပြီး နှစ်ရက်ကြာတော့ ကလေးက သွေးလွန်တုပ်ကွေးက ဆိုးလွန်းတော့ ဦးနှောက်ထဲ သွေးယိုပြီး သတိလစ်သွား။ဝမ်းနည်းစရာပါပဲ။ကျနော်တို့ ကလေးကို မကယ်လိုက်နိုင်ခဲ့ဘူး။မိဘတွေကတော့ အရူးမီးဝိုင်းပေါ့။
မိဘတွေကြောက်သလို ဆရာဝန်တွေကြောက်တဲ့ သွေးလွန်တုပ်ကွေးပေါ့။မိဘတွေကို ရူးသွပ်စေသလို ဆရာဝန်တွေကိုလည်း စိတ်ဒဏ်ရာတွေ ပေးနိုင်လွန်းတဲ့ ရောဂါပါပဲ။ကျနော်တို့ရဲ့ နားကြပ်တွေနှင့် မရေမတွက်နိုင်တဲ့ သွေးလွန်တုပ်ကွေး ရောဂါသည် ကလေးငယ်တွေကို ကယ်တင်ဖူးသလို ကျနော်တို့ လက်ပေါ်မှာပဲ ကြွေလွင့်သွားတဲ့ ကြယ်ကလေးတွေကိုလည်း ရင်နာစွာ ကြုံခဲ့ရဖူးတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ခန့်မှန်းမှုအရ တစ်နှစ်မှာ လူဦးရေ သန်းငါးဆယ်(မြန်မာတစ်နိုင်ငံလုံး လူဦးရေနှင့် ညီမျှ)လောက်က သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံနေရတယ်။အဲဒီ သန်ငါးဆယ်ထဲက လူဦးရေ ငါးသိန်းလောက်က ရောဂါဆိုးလွန်းလို့ ဆေးရုံတက်ပြီး ကုသမှုခံယူနေရတယ်။ကံဆိုးတာက သွေးလွန်တုပ်ကွေးရောဂါသည်တွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းက အနာဂတ်ရဲ့ ကြယ်ပွင့် ကလေးလူငယ်လေးတွေ ဖြစ်နေတာ ဝမ်နည်းဖွယ်တွေ့ရှိရတယ်။ခန့်မှန်းခြေ သွေးလွန်တုပ်ကွေးရောဂါသည် အယောက်တစ်ရာမှာ သုံးယောက်တော့ သေချာပေါက် သေဆုံးတာကို လေ့လာတွေ့ရှိရ။ရောဂါတကယ်ဆိုးပြီဆို သေခြင်းတရားကို ရှောင်လွှဲလို့ မရနိုင်တာ သွေးလွန်တုပ်ကွေးရောဂါပါပဲ။
"ကျနော့်သားလေးက ဘာဖြစ်လို့ သေဆုံးရတာလဲဗျ"
ကျောက်သူဌေး ကလေးအဖရဲ့ ငိုရင်နဲ့ မေးတဲ့ မေးခွန်း။
"သွေးလွန်တုပ်ကွေး ရောဂါ ပြင်းထန်လွန်းလို့ ဆုံးရှုံးသွားရတာပါ"
"သွေးလွန်တုပ်ကွေးက ဘာဖြစ်လို့ ဖြစ်ရတာလဲဗျာ"
စိတ်မကောင်းပေမယ့် အဖြေပေးရတယ်။
"ခြင်ကိုက်လို့ ဖြစ်ရတာပါ"
"အဲဒါဆို ကျနော့်သား သေရတာ ခြင်ကိုက်လို့ပေါ့ ဟုတ်လားဆရာ"
ကျနော် ကြေကွဲစွာ ခေါင်းညိမ့်မိတယ်။ကျနော့်နားထဲမှာ အခုထိ ကြားယောင်ဆဲ စကားသံတွေပေါ့...ကျနော့်သား သေရတာ ခြင်ကိုက်လို့ပေါ့ ဟုတ်လား ဆရာ...။
အဲဒီလို ကြေကွဲဖွယ် အသံတွေ မကြားလိုတော့။ဆိုတော့ ရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ် မလဲဆိုတဲ့ အကြောင်းကို မိဘပြည်သူတွေကို အသိပေးချင်နေမိတယ်။ကုသခြင်းအလုပ်ကိုတော့ ဆေးရုံ၊ဆေးခန်း၊ ဆရာဝန်တွေ လုပ်ပါလိမ့်မယ်။ကာကွယ်ခြင်းအပိုင်းကိုတော့ မိဘပြည်သူတွေ တတပ်တအား ပါဝင်နိုင်ပါတယ်။ပြည်သူတွေပါမှပဲ ရောဂါ ကာကွယ်ခြင်းက ထိရောက်လိမ့်မယ်။သွေးလွန်တုပ်ကွေးရောဂါကို ဘယ်လိုကာကွယ်ကြမလဲပေါ့။
ရောဂါကာကွယ်ဖို့ဆိုရင် သွေးလွန်တုပ်ကွေးရောဂါရဲ့ အဓိက တရားခံကို သိမှ ဖြစ်မယ်။သွေးလွန်တုပ်ကွေးရောဂါကို ဖြစ်စေတာက သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်(Dengue Virus)ကြောင့်ဖြစ်တာ။အဲဒီဗိုင်းရပ်စ်ပိုးကို သယ်ဆောင်ပြီး လူတစ်ဦးကနေ တစ်ဦးကို ဖြန့်ဝေကူးစက်စေတာက "ခြင်"။တိတိကျကျပြောရရင် အေးဒီးစ်အီဂျစ်ပ်တိုင်း(Aedes aegypti)ဆိုတဲ့ ခြင်ကောင်။သူ့သဘော သဘာဝကိုလည်း
သိထားသင့်တယ်။ခြေတွေ လက်တွေမှာ အဖြူစင်းလေးတွေပါလို့ ခြင်ကျားလို့လည်းခေါ်တယ်။ခြင်ပုန်းလို့လည်း ခေါ်ကြတယ်။သူတို့က နေ့မင်းသားတွေ။မနက်မိုးလင်းချိန်နှင့် နေဝင်ရီတရောအချိန်မှာ ပိုပြီးကိုက်တတ်တယ်။ညမှာ ကိုက်လေ့မရှိဘူး။သူတို့ အကြိုက်ဆုံးနေရာတွေက လူတွေနဲ့ နီးပြီး မှောင်တဲ့ စိုစွတ်တဲ့ နေရာတွေမှာ ရှင်သန်ပေါက်ပွားကြတယ်။သက်တမ်းက သုံးပတ်လောက်ပဲ အသက်ရှင်နိုင်တယ်။အဲဒီခြင်ကောင် ကိုက်ရင်ရောဂါရနိင်တယ်။မကိုက်ရင် ရောဂါ မရနိုင်။ရောဂါမဖြစ်ချင်ရင် ခြင်မကိုက်အောင်နေမယ်၊ဒါမှမဟုတ် ခြင်နှိမ်နင်းရေးလုပ်ရမယ်။
ခြင်နှိမ်နင်းရာမှာ အဓိက အဆင့်နှစ်ဆင့်ရှိတယ်။အရွယ်ရောက်တဲ့ ခြင်ကောင်နှိမ်နင်းတာနှင့် ခြင်ကောင်ဘဝမရောက်ခင် ပိုးလောက်လန်းနှိမ်နင်းတာဆိုပြီးပေါ့။အဲဒီနှစ်ဆင့်မှာမှ ခြင်ကောင်ဖြစ်ပြီးမှ နှိမ်နင်းတာက(အပြင်မှာ မြင်တွေ့နေကျ စက်တွေသုံးပြီး ခြင်ဆေးဖျန်းတာပေါ့) ထင်သလောက်ထိရောက်မှုမရှိတာကို တွေ့ရတယ်။လောက်လန်းဘဝမှာ နှိမ်နင်းတာက ရေရှည်မှာ ပိုပြီးအကျိုးဖြစ်ထွန်းတာကိုတွေ့ရတယ်။စိတ်ထဲမှာ အမြဲနှလုံးသွင်းထားရမယ့် ခြင်၊ပိုးလောက်လန်း နှိမ်နင်းရေး ဂါထာရှိတယ်။
"ဖုံး သွန် လဲ စစ်
ခပ် လောင်း ထောင် မြှုပ်
ဖွင့် ရှင်း မှုတ်
အသစ်ထပ်တိုး
ထည့် စိမ် ထိုး" တဲ့။
အဓိပ္ပါယ်တွေကတော့...
ဖုံး-ရေအိုး၊ရေခွက်၊ရေစည် စတဲ့ အိမ်မှာ ရေသိုလှောင်ရာ ပစ္စည်းများကို ခြင်မဝင်နိုင်အောင် သေသေချာချာ( ဖုံး)အုပ်ထားရမယ်။
သွန်-ရေအိုး၊ရေခွက်၊ရေစည် အားလုံးရဲ့ အတွင်းပိုင်းကို သေချာတိုက်ချွတ်ဆေးကြော၍ (သွန်)ပစ်ပါ။
လဲ-အိမ်မှာ ကျောင်းမှာရှိသော ညောင်ရေအိုး၊ပန်းအိုး စတာတွေကို အနည်းဆုံး တစ်ပတ်တစ်ကြိမ်ဆေးကြော၍ ရေ(လဲ)ပေးပါ။
စစ်-ရေအိုး၊ရေခွက်၊ရေစည်ထဲသို့ ရေထည့်ရင် ရေကို(စစ်)၍ထည့်ပါ။
ခပ်-ရေအိုး၊ရေခွက်၊ရေစည်ထဲရှိ ပိုးလောက်လန်းများကို လက်ကိုင်ရှည် ရေစစ်နှင့် (ခပ်)ထုပ်ပစ်ပါ။
လောင်း-ကြောင်အိမ်၊ဘီဒို၊စားပွဲတို့ရဲ့ အောက်ခံခွက်များထဲကို ဆား၊စက်ဆီဟောင်း စသည်တို့ (လောင်း)ထည့် ထားပါ။
ထောင်-ဘယ်အချိန်အိပ်အိပ်၊ဘယ်နေရာမှာအိပ်အိပ်(ကျနော် အပိုထည့်ပြောတတ်တာက 'ဘယ်သူနှင့်အိပ်အိပ်') ခြင်ထောင် (ထောင်)အိပ်ပါ။
မြှုပ်-မိုးရေတင်ကျန်နိုင်သော ဘူး၊ခွက်၊တာယာဟောင်း စသည်တို့ကို မြေ(မြှုပ်)ပစ်ပါ။
ဖွင့်-အလင်းရောင်ရ၍ ခြင်မခိုအောင်းနိုင်စေရန် နေ့ပိုင်းတွင် ပြတင်းပေါက်များ ဖွင့်ထားပါ။
ရှင်း-ခြင်မခိုအောင်းနိုင်ရန် အိမ်တွင်းအိမ်ပြင်ကို (ရှင်း)လင်းပါ။
မှုတ်-အိမ်၊ကျောင်း၊ရုံး အနီးတွေမှာ ဆေး(မှုတ်)သည့် အဖွဲ့လာရောက်ပါက လုပ်ငန်းတွင်ကျယ်စေရန် ကူညီပါ။
အသစ်ထပ်တိုးတဲ့ နောက်ထပ်အချက်(၃)ချက်ကတော့
ထည့်-သောက်ရေ၊ သုံးရေတွေမှာ လူကို မထိခိုက်စေတဲ့ ပိုးလောက်လန်းမပေါက်ပွားအောင်တားဆီးပေးတဲ့ အဘိတ်(abate)ဆိုတဲ့ ဆေးကို အတိုင်းအဆမှန်မှန် (ထည့်)ခြင်းပါပဲ။ရေထဲကို ဆေးတစ်ခါထည့်ထားရင် အနည်းဆုံး နှစ်လလောက်တော့ တာရှည်ခံ အသုံးပြုနိုင်ပါတယ်။
စိမ်-စိမ်ဆိုတာကတော ဆေးစိမ်ခြင်ထောင်၊ဆေးစိမ်ခန်းဆီး၊ဆေးစိမ်လိုက်ကာတွေကို အသုံးပြုတာကို ပြောခြင်းပါပဲ။ခြင်ထောင်တွေ ခန်းဆီးတွေကို ဆေးစိမ်ခြင်းအား
ဖြင့် အဲဒီကိုလာနားတဲ့ ခြင်ကောင်တွေကို သေစေပါတယ်။
ထိုး-သွေးလွန်တုပ်ကွေး ကာကွယ်ဆေး(ထိုး)တာကိုပြောတာပါ။
ကာကွယ်ဆေးနှင့် ပတ်သက်ပြီး အနည်းငယ် ထပ်ပြီးရှင်းပြချင်ပါတယ်။လူတိုင်းသိချင်တဲ့ မေးခွန်းကတော့ သွေးလွန်တုပ်ကွေးကာကွယ်ဆေး တကယ်ရှိနေပြီလား။ဟုတ်ကဲ့ တကယ်ရှိနေပါပြီ။သွေးလွန်တုပ်ကွေးကာကွယ်ရေးအတွက် အခုကာကွယ်ဆေးက အပြည့်အဝ အားကိုးလို့ မရသေးပေမယ့် ရောဂါအဖြစ်များလွန်းတဲ့ နိုင်ငံတွေအတွက်တော့ ကောက်ရိုးတမျှင်ပါ။ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း အခုကာကွယ်ဆေးကို အသိအမှတ်ပြုလိုက်ပါပြီ။ကာကွယ်ဆေးရဲ့နာမည်ကတော့ ဒင့်ဂ်ဘားဇီးယား(Dengvaxia)လို့ခေါ်ပါတယ်။ပြင်သစ်ဆေးကုမ္ပဏီ Sanofi Pasteur ကထုတ်လုပ်ပါတယ်။ဒီကာကွယ်ဆေးကို ကမ္ဘာပေါ်မှာ ပထမဆုံးစတင် အသုံးပြုတဲ့နိုင်ငံကတော့ မက္ကဆီကို နိုင်ငံပါ။၂၀၁၅ ခုနှစ် ဒီဇင်ဘာလကတည်းက တရားဝင် စတင် အသုံးပြုခဲ့ပါတယ်။အခုအချိန်မှာဆိုရင် ဒီကာကွယ်ဆေးကို သွေးလွန်တုပ်ကွေး အဖြစ်များတဲ့ နိုင်ငံပေါင်း (၁၄)နိုင်ငံမှာ တရားဝင် အသိအမှတ်ပြု ထိုးနှံနေပါပြီ။အဲဒီ(၁၄)နိုင်ငံထဲမှာ ကျနော်တို့ရဲ့ အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊စင်ကာပူ၊အင်ဒိုနီးရှား၊မလေးရှား၊ဖိလစ်ပိုင်နိုင်ငံတို့ ပါဝင်ပါတယ်။ဒီကာကွယ်ဆေးနှင့် ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ သွေးလွန်တုပ်ကွေးအဖြစ်များလွန်းတဲ့နိုင်ငံတွေ(မြန်မာနိုင်ငံအပါအဝင်)အနေနှင့် အစပျိုးထိုးနှံဖို့ စဉ်းစားသင့်တယ်လို့ မှတ်ချက်ပေးပါတယ်။
အခုကာကွယ်ဆေးက အသက် (၉)နှစ်ကနေ (၄၅)နှစ်ထိ ထိုးလို့ရတယ်(စင်ကာပူနိုင်ငံမှာတော့ အသက် ၁၂ နှစ်ကနေ ၄၅နှစ်ထိသတ်မှတ်ထား)။သွေးလွန်တုပ်ကွေးဗိုင်းရပ်မျိုးစိပ် လေးမျိုးလုံးကို ကာကွယ်နိုင်တယ်။ခြောက်လခြား (၃)
ကြိမ်(၀-၆-၁၂) ထိုးရမယ်။ဆေးတစ်လုံးမှာ ဆေးရည် ၀.၅ စီစီ ပါဝင်တယ်။လက်မောင်းအရေပြားအောက် (subcutaneous)ထိုးရတယ်။ထိုင်းနိုင်ငံမှာတော့ ဆေးတစ်လုံးကို ဘတ် ၃၅၀၀ (၁၄၀ ၀၀၀ ကျပ်) ကျသင့်တယ်။အင်ဒိုနီးရှားနိုင်ငံမှာတော့ ဆေးတစ်လုံးတန်ဖိုးက ဒေါ်လာ ၇၀ ( ၁၀၀ ၀၀၀ ကျပ်ခန့်) ရှိတယ်။မြန်မာပြည်မှာတော့ အခုချိန်ထိ တရားဝင် တင်သွင်းခွင့်ပြုတာမျိုး မရှိသေးဘူး။
ဒီကာကွယ်ဆေးမှာ အားနည်းချက်တွေရှိနေသေးတယ်။အဲဒီအားနည်းချက်တွေထဲက တစ်ခုကတော့ ဒီဆေးက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ဖူးတဲ့သူတွေမှာ အစွမ်းပိုထက်ပြီး (၈၀% ကာကွယ်မှုပေး) သွေးလွန်တုပ်ကွေးရောဂါ တစ်ခါမှ မဖြစ်ဖူးရင် အစွမ်းထက်မှု နည်းပါး(၅၀-၆၀% လောက်ပဲ ကာကွယ်မှုပေး)တာကို တွေ့ရှိရတယ်။ဒါပေမယ့် အားကောင်းတဲ့ အချက်ကတော့ ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါ(severe dengue)ကိုတော့ ၈၀-၉၀% လောက်ထိ ကာကွယ်ပေးနိုင်တာကို လေ့လာတွေ့ရှိရ။သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်ကုသမှုခံယူရနိုင်နှုန်းကိုလည်း ၈၀% လောက်ထိ လျှော့ချနိုင်ကြောင်းလည်း တွေ့ရတယ်။နောက် အားနည်းချက်တစ်ခုကတော့ ကာကွယ်ဆေးသုံးကြိမ်ထိုးပြီးရင် ရောဂါဒဏ်ကနေ နှစ်ပေါင်းဘယ်လောက်ထိ ကာကွယ်နိုင်လဲ ဆိုတာကိုတော့ တိတိကျကျ မသိရဘဲ လေ့လာဆဲ အဆင့်သာရှိသေးတယ်။
ကာကွယ်ဆေးပေါ်နေပေမယ့် ပြီးပြည့်စုံတဲ့ ကာကွယ်ဆေးမဟုတ်သေးတာကတစ်ကြောင်း၊မြန်မာနိုင်ငံမှာ တရားဝင်တင်သွင်းထိုးနှံမှု မရှိသေးတာက တစ်ကြောင်းကြောင့် အထက်မှာဖော်ပြခဲ့တဲ့"ဖုံး သွန် လဲ စစ်" ဂါထာကိုပဲ အားကိုး
သမှုပြုရဦးမယ်။အဲဒီဂါထာအတိုင်းပဲ မိဘပြည်သူများ ပြုမူကျင့်ကြံကြပါလို့ ပြောပါရစေ။
နိဂုံးချုပ်အနေနှင့် ကျနော်တို့ရဲ့ လေးစားရပါသော ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဆရာကြီး ဦးစောဝင်း ရေးစပ်ထားတဲ့ သွေးလွန်တုပ်ကွေး အန္တရာယ်ကင်းကဗျာ လေးကို မိဘပြည်သူများအတွက် ကူးယူဝေမျှပါရစေ။
"ရာသီတိုင်းတွင် ဖျားနာလျှင်
သွေးလွန်တုပ်ကွေးမှတ်။
အဖျားကျစဉ် မလန်းလျှင်
အစဉ် သတိချပ်"
လူတိုင်း လူတိုင်း အိမ်တွင်းရန်စွယ်ဖြစ်တဲ့ ခြင်ကြောင့်ဖြစ်သော သွေးလွန်တုပ်ကွေးရန်မှ ကင်းဝေးကြပါစေ။
ဒေါက်တာကျော်စွာမြင့်
(ကလေးအထူးကု)
Tuesday, June 6, 2017
သွေးလွန်တုတ်ကွေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment